ကာလသားရောဂါ (သို့မဟုတ်) ဆစ်ဖလစ်ရောဂါ
ကာလသားရောဂါဆိုပေမယ့် ယောက်ျားလေး ကာလသားတွေမှာပဲ ဖြစ်တတ်တဲ့ ရောဂါတော့မဟုတ်ပါဘူး။ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး ဘက်တီးရီးယားပိုးကူးစက်ခံရခြင်း (Bacterial Infection) အမျိုးအစားပဲဖြစ်ပါတယ်။
ရောဂါကူးစက်ခံရစဉ်အစမှာ လိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်ပတ်လည်မှာ နာကျင်မှုမရှိတဲ့ အဖုငယ်လေးတွေကို တွေ့ရတတ်ပြီး၊ အရေပြားချင်းထိတွေ့ရာမှ၊ အရိအချွဲများ ဝင်သွားရာကနေ ကူးစက်နိုင်ပါတယ်။ ဆစ်ဖလစ်ကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးကူးခံရပြီးနောက်မှာ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုလက္ခဏာမျိုးမှမပြဘဲ ဆယ်စုနှစ်များစွာ တည်ရှိနေနိုင်ပြီး အစောပိုင်းကာလမှာတော့ ပင်နဆလင်ဆေးတစ်လုံး ထိုးရုံနဲ့တင် ရောဂါကိုအလွယ်တကူ ပျောက်ကင်းသက်သာသွားစေနိုင်ပါတယ်။
ကာလသားရောဂါလက္ခဏာတွေကတော့
အဆင့် (၁) - ဘက်တီးရီးယားပိုးက ခန္ဓာကိုယ်တွင်းကို စဝင်ခဲ့တဲ့အရေပြားတစ်ဝိုက်မှာ အဖု၊ အနာလေးတွေ စပေါက်လာပြီး နာကျင်မှုမရှိတာကြောင့် လူအများစုက ကိုယ့်မှာအနာဖြစ်လို့ဖြစ်နေမှန်း လုံးဝသတိမထားလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ပိုးဝင်ကာစကနေ ၃ ပတ်အတွင်းမှာ အနာစတင်ဖြစ်လာတတ်ပြီး သူ့ဖာသာသက်သာဖို့ အချိန် ၃ ပတ်ကနေ ၆ ပတ်ထိ ကြာသွားနိုင်ပါတယ်။
အဆင့် (၂) - အဆင့် (၁) မှာပေါက်ခဲ့တဲ့ အနာတွေ လုံးဝသက်သာသွားပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ပေါင်ခြံကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးမှာ အင်ပြင်တွေ ထလာတတ်ပါတယ်။ ဒီလိုအင်ပြင်တွေဟာ ယားယံခြင်းမရှိသလို ပါးစပ်နဲ့ လိင်အင်္ဂါအရေပြားပတ်လည်မှာ ကြွက်နို့လို အပိမ့်လေးတွေပါ တွဲပေါက်နေတတ်ပါတယ်။ တွဲဖက်လက္ခဏာအနေနဲ့ ဆံပင်ကျွတ်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ ပြန်ရည်ကြောများ ရောင်ရမ်းခြင်း စတာတွေကိုပါ ခံစားရတတ်ပါတယ်။ ဒီလက္ခဏာတွေကို တစ်နှစ်ပတ်လုံး ဖြစ်လိုက်၊ ပြန်သက်သာလိုက်နဲ့ တွေ့ရတတ်ပါတယ်။
ကြားနေအဆင့် - ဒီအဆင့်ကို ပုန်းလျှိုးကွယ်လျှိုးအဆင့်လို့လည်း ခေါ်ပြီး ဆေးကုသမှုလုံးဝမခံယူသူတွေမှာ အဆင့် (၂) ကနေ ဒီအဆင့်ကို ရောက်လာနိုင်ပါတယ်။ နှစ်ပေါင်းများစွာ ဒီအဆင့်မှာ ကြာမြင့်နိုင်ပြီး ဘယ်လိုလက္ခဏာမျိုးမှလည်း မတွေ့ရတတ်ဘဲ အဆင့် (၃) ကို ကူးပြောင်းသွားမှာပါ။
အဆင့် (၃) - ကုသမှုလုံးဝမခံယူတဲ့အခါ ဖြစ်လာနိုင်တဲ့ နှောင်းပိုင်းအဆင့်ဖြစ်ပြီး ရောဂါရဲ့အခြေအနေဟာ ဦးနှောက်၊ အာရုံကြောများ၊ မျက်လုံးများ၊ နှလုံး၊ သွေးကြောများ၊ အသည်း၊ အရိုးအဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။
သိထားသင့်တဲ့ တခြားအခြေအနေတွေကတော့
၁။ Neurosyphilis - ဘယ်လိုအဆင့်မှာမဆို ဆစ်ဖလစ်ပိုးက ဦးနှောက်၊ အာရုံကြောစနစ်နဲ့ မျက်လုံးအတွင်း ပြန့်နှံ့သွားပြီး ဒုက္ခပေးခြင်း
၂။ Congenital Syphilis - ရောဂါပိုးရှိသူမိခင်ကနေ မွေးလာတဲ့ကလေးဟာ အချင်းကနေတစ်ဆင့် ဒါမှမဟုတ် မွေးဖွားနေစဉ်မှာ ပိုးကူးစက်ခံရခြင်း (လက်၊ ခြေဖဝါးမှာ အင်ပြင်နဲ့ ဆင်တူလက္ခဏာတွေ ပြလာတတ်ခြင်း)၊ နောက်ပိုင်းမှာ နားလေးခြင်း၊ သွားအနေအထား ပုံမမှန်ခြင်း၊ သတ်မှတ်ချိန်ထက် စောမွေးတဲ့အခါ မိခင်ဝမ်းဗိုက်ထဲ သို့မဟုတ် မွေးပြီးနောက် သားလျှောတတ်ခြင်း
ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ Treponema Pallidum လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးဟာ တခြားလူဆီကနေ ကိုယ့်ရဲ့ သွေးကြော၊ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခြင်းကြောင့် ကူးစက်ခံရတာပါ။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖော်များခြင်း၊ လိင်တူဆက်ဆံခြင်း၊ HIV ပိုးရှိခြင်း၊ ပိုးရှိသူမိခင်မှ သန္ဓေသားဆီ ကူးစက်ခြင်း၊ အနာဖြစ်နေတဲ့အရေပြားနဲ့ ထိတွေ့မိခြင်း စတဲ့အကြောင်းရင်းတွေကြောင့် ပိုးကူးစက်ခံရနိုင်ခြေပိုများပါတယ်။
ကာလသားရောဂါဟာ ရောဂါပိုးရှိမှန်းသိသိချင်း အစောပိုင်းကာလမှာ ကုသပျောက်ကင်းဖို့ အရမ်းလွယ်ပြီး၊ မကုသဘဲ ပစ်ထားမယ်ဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ပြီး အသက်အန္တရာယ်ဖြစ်စေတဲ့အထိ နောက်ဆက်တွဲဆိုးကျိုးများပါတယ်။ ကုသမှုခံယူတဲ့အခါ ရောဂါပိုးကို အမြစ်ပြတ်ကုသနိုင်ပေမယ့် ရောဂါပိုးကြောင့် ထိခိုက်ပျက်စီးသွားတာတွေကိုတော့ ပြန်လည်ကုစားပေးမှာ မဟုတ်ပါဘူး။
ကာလသားရောဂါ ရှိပြီလို့ သံသယရှိပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။ လိင်မှုကိစ္စကို ပုံမှန်ကျူးလွန်လေ့ရှိသူတွေအနေနဲ့ ၃ လ တစ်ကြိမ် သွေးအမြဲစစ်ဆေးပါ။ လူစိမ်းတွေနဲ့ လိင်ဆက်ဆံတော့မယ်ဆိုရင် ကွန်ဒုံးအသုံးပြုပါ။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ရေးသားသူ - ရဲမျိုးမြတ်